နှစ်ကိုယ့် တစ်စိတ်
တယောက်ကို..တယောက်ချစ်ကြတဲ့အခါ..
အချိန်ဆိုတာ..အလကား..
အကွာအဝေးဆိုတာ..နံဘေးအနား..
ချုံ့ သွားခဲ့ မိုင်ပေါင်းကဋ္ဋေ
ကြုံ့ သွားတဲ့..အလွမ်းရဲ့ဆပ်ပြာဘူပေါင်းတွေ
စိတ်၏ စွမ်းအင်..
အချစ်၏ အာနိသင်..
မျက်လုံးတမှိတ်..မင်းအရိပ်
လက်တီးတဖျောက်..မင်းအပါးရောက်
အသက်ရှုတချက်..ချစ်သူရင်ခွင်ထက်
မှေးစက်ပျော်ခဲ့..လသာရက်များစွာ။
မြင်လွှာမှာ..သူ..
ထွက်သက်မှာ..သူ..
လေပြေမှာ..သူရနံ့ 
နေရောင်ဟာ..သူအတွေ့ ..
စွယ်တော်ရွက်လို၊ နှစ်ရွက်ပေါင်း.တစ်ခက်..
ဆောင်းခိုဌက်များသို့  အိပ်တန်းတက်..
နွေးထွေးရင်ခွင်..လည်ငင်ယှက်
အချစ်ရဲ့ မျက်နှာကို..
ဖတ်စာလိုအလွတ်ကျက်ချင်တယ်။
ဘယ်လောက်..ဝေးနေ..
ဘယ်သူကဘဲ..ခွဲစေ..
ပမာဏများတဲ့ ထု..
လူမသိသူမသိ လှို့ ဝှက်ချက်တစ်ခု..
အချစ် နဲ့ ကိုယ်..လက်တွေ့ မှာ.
ရေမြေ ဘယ်လောက်ဝေးဝေး..
ညတိုင်းမှာ အတူတူ..
လရောင်ခြည်တန်းပေါ်.
ကြိုးတန်း လျှောက်ကြတဲ့သူ။
မ
No comments:
Post a Comment